ဦးဇော်မြတ်လင်း (သို့မဟုတ်) စစ်ကြောရေးငရဲခန်း၏ အရက်စက်ဆုံးပြယုဂ်
Jun 30, 2025 created by Toward 1K

၂၀၂၁ ခုနှစ် မတ်လ (၉) ရက်နေ့ မနက်အစောပိုင်းက ရွှေပြည်သာမြို့နယ်ရှိ  “စု” အသက်မွေးဝမ်းကျောင်း သိပ္ပံကို ရဲ နှင့် စစ်သားများက ဝင်ရောက်စီးနင်းခဲ့သည်။ စု အသက်မွေး ဝမ်းကျောင်း သိပ္ပံသည် ပညာဒါနအဖြစ် နိုင်ငံခြားဘာသာစကားများသင်တန်း၊ ကွန်ပျူတာသင်တန်း၊ စက်ချုပ်နှင့် အခြားအသက်မွေးကျောင်း ပညာရပ်များကို သင်ပေးလျက်ရှိသည့် ကျောင်းတစ်ခုဖြစ်သည်။ လက်နက် အပြည့်အစုံတပ်ဆင်ထားသည့် အင်အား ၁၅ ဦးခန့်ရှိ ရဲနှင့် စစ်သား အုပ်စုသည် ကျောင်းတာဝန်ခံဖြစ်သူ ဦးဇော်မြတ်လင်းကို အဓိက ဦးတည်ကာ လာရောက်ခဲ့ပြီး မွှေနှောက်ရှာဖွေမှုများပြုခဲ့သည်။ ကျောင်း၏ ခြံတံခါးကို ကျော်ဝင်၊ ကျောင်းသားကျောင်းသူများကို လက်ခေါင်းပေါ်တင် ဒူးထောက်ထိုင်ခိုင်းခဲ့သော အကြမ်းဖက်စစ်သားနှင့် ရဲများသည် ကျောင်းတွင် နေထိုင်သူ သုံးဦးနှင့် ဂျပန်ဘာသာစကား သင်ယူနေသူ သုံးဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားသေးသည်။ ထို့ပြင် ကျောင်းသူ များ နေထိုင်ရာ အဆောင်ကိုမွှေနှောက်ရှာဖွေပြီးနောက် ကျောင်းသူများ၏ ပိုက်ဆံ ၃ သိန်းကျော်၊ ကျောင်းရှိ လိုက်ထရပ်ကားတစ်စီး၊ ဆိုင်ကယ်ငါးစီး၊ ကွန်ပျူတာအလုံး၂၀ ကျော်၊ လက်ကိုင်ဖုန်း ၁၈ လုံး၊ နာရီများနှင့် အခြားအသုံးအဆောင်ပစ္စည်းများကိုလည်း ယူဆောင်သွားခဲ့သေးသည်။

ဦးဇော်မြတ်လင်းမှာ ဝင်ရောက်စီးနင်းချိန်တွင် သင်တန်းကျောင်း နောက်ဖေး အုတ်တံတိုင်းကို ကျော်လွန်ကာ တိမ်းရှောင်သွားသဖြင့် မိတ်ဆွေ အပေါင်းအသင်း မိသားစုဝင်များနှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်။ မတ်လ၉ ရက်နေ့ မွန်းလွဲ ၃နာရီတွင်တော့ မင်္ဂလာဒုံ စစ်ဆေးရုံတွင် အလောင်းလာရောက်ထုတ်ယူရန် အကြောင်းကြားခဲ့ပြီး သွားရောက်ချိန်တွင် အလောင်းကိုသာ ကြည့်ရှုခွင့်ရခဲ့ပြီး သင်္ဂြိုလ်မည့်နေရက်တွင်သာ ထုတ်ယူခွင့်ရမည်ဖြစ်ကြောင်းနှင့် ခန္ဓာကိုယ်တွင် ဝမ်းဗိုက်ပွင့်နေသော ဓာတ်ပုံများကို ဆေးရုံက ဦးဇော်မြတ်လင်း၏ ဇနီးသည်ဖြစ်သူကိုပြသခဲ့သည်။

ဇနီးသည်က ရုပ်အလောင်းကိုကြည့်ရှုရချိန်တွင် သေသူ၏ ကျောကုန်းဘက်တွင် ရာဘာကျည် ဒဏ်ရာဟု ယူဆရသည်ံ ၂ စင်တီမီတာအနက်ရှိ ဒဏ်ရာတစ်ခုတွေ့ရှိရပြီး ၊အူများလည်း အပိုင်းပိုင်းပြတ်ရှနေကာ ဘယ်ဘက်ဝမ်းဗိုက်အောက်တွင် ထိုးသွင်းဒဏ်ရာ ကိုထင်ရှားစွာတွေ့ရှိခဲ့ရသည်။

ဦးဇော်မြတ်လင်း၏ ရုပ်အလောင်းကို မတ်လ၁၁ ရက် ၂၀၂၁ခုနှစ်တွင် သင်္ဂြိုလ်ရန် မိသားစုမှ ထုတ်ယူရာတွင် ရေခဲတိုက်အတွင်း စနစ်တကျထိန်းသိမ်းမထားဘဲ ပုပ်ပွနေသည့် အခြေအနေဖြင့် သင်္ဂြိုလ်ခဲ့ရသည်။

သေသူ၏ ရုပ်အလောင်းမှာလည်း  ကြောက်ခမန်းလိလိ အခြေအနေတွင်ဖြစ်နေသည်။ မျက်နှာနှင့် ပါးစပ် ကို ရေနွေးပွက်ပွက်ဆူ သို့မဟုတ် ဓာတု ဆေးရည် တစ်မျိုးဖြင့် လောင်းခဲ့ဟန်ယူဆရပြီး မျက်နှာ အရေပြားကွာကျပျက်ဆီးကာ သွားများမှာလည်း မရှိတော့ပဲ လျာသည်လည်း အရည်ပျော်လုံးထွေးနေသည်။

မှုခင်းဆရာဝန်ကြီးတစ်ဦးကလည်း မသေခင် အချိန်တွင် အဓိက ပင်မသွေးကြောများ နှင့် ဝမ်းဗိုက်ကို ဓားမဟုတ်သည့် စကေဘာသို့မဟုတ် အပေါက်ဖောက်သော စူးပွား မော်တာဖြင့်မွှေထားပုံရပြီး ပါးစပ်အတွင်းသို့ အပြင်းစား အက်ဆစ်ရည်တစ်မျိုးလောင်းထည့်ကာ နိပ်စက် ထားခြင်း ဖြစ်နိင်ကြောင်းနှင့် ဝါယာရှော့ဖြင့် ရှော့တိုက်နှိပ်စက်ထားခြင်း ဖြစ်နိုင်ကြောင်း မှတ်ချက်ပြုထားခဲ့သည်။

အကြမ်းဖက် စစ်ကောင်စီ ဘက်ကမူ ဦးဇော်မြတ်လင်းသေဆုံးရခြင်းမှာ အိမ်အနောက်ဘက်သို့ ခုန်ချထွက်ပြေးခဲ့ချိန်၌ ခြံစည်းရိုးတွင် ထောင်ထားသော ၂ လက်မ ခန့်ရှိ စတီးပိုက်ပေါ်သို့ကျခဲ့ကာ ဝမ်းဗိုက်ပေါက်ပြဲရရှိဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဖြေရှင်းချက် ထုတ်ပြန်ခဲ့သည်။

သို့သော် ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် အကျဥ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် အမေရိကန်နိုင်ငံသား စိုက်ပျိုး ရေးပညာရှင် ၊ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း၏ လရောတော စိုက်ပျိုးရေး တာဝန် ခံ ဦးကျော်ဌေးဦးကမူ ဦးဇော်မြတ်လင်းကို စစ်တပ်က ပါးစပ်ထဲ အက်ဆစ်လောင်း ၊ ဝါးချွန်ဖြင့် ထိုးပြီး ညှင်းဆဲသတ်ဖြတ်မှုကို ဗီဒီယို ရိုက်ကူးပြီး စစ်ကြောရေးတွင် စစ်ကောင်စီက ခြိမ်းခြောက်ရန် အသုံးပြုလျက် ရှိကြောင်းဆိုသည်။

ဦးကျော်ဌေးဦးမှာ ၂၀၂၁ ခုနှစ် စက်တင်ဘာလက ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် စစ်ကြောရေးတွင် ရက်ပေါင်းများစွာ ညှင်းပန်းနှိပ်စက် ခံခဲ့ရကာ ၄င်းတို့ မေးသည့် မေးခွန်းများကို မဖြေပါက ပစ်သတ်၍ ရကြောင်းလည်းပြောဆိုခဲ့သည်။ 

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)၏ မှတ်တမ်းများအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ဖေဖော်ဝါရီ လထိ လူဦးရေ တစ်သောင်းကိုးထောင်ကျော် မှာဖမ်းဆီးခံခဲ့ရပြီး တစ်သောင်းခြောက်ထောင်ကျော်မှာထိန်းသိမ်းခံနေရဆဲဖြစ်သည်။ ထို့အနက် ၁၀၆၄ဦးမှာ ဖမ်းဆီးခံရစဥ် သေဆုံးခဲ့ရသည်။ဦးဇော်မြတ်လင်း ကျဆုံးချိန်တွင် ဇနီးသည်နှင့် သားတစ်ဦးရှိသော မိသားစုမှာ ပြိုကွဲခဲ့ရသကဲ့သို့ စစ်ကောင်စီ ကြောင့် မိသားစုများစွာ ပြိုကွဲခဲ့ရသည်။

အမိန့်အရ ဆိုသော စကားရပ်ကို အသုံးပြုကာ လိုအပ်သည်ထက် ပိုမိုရက်စက်စွာပြုလုပ်ခဲ့သော စစ်ကောင်စီ နှင့် အပေါင်းအပါများအတွက် သင်ပုန်းချေရန် အကြောင်းမရှိ။ ထိုက်သင့်သည့်အပြစ်ဒဏ်ကို ပြန်လည်ကာ ပေးဆပ်ရမည်သာဖြစ်သည်။